ဒေါ်အောင်ဆန်းစုကြည်၊ မေ ၂၂၊ အင်းစိန် ပါတီရုံးခွဲဖွင့်ပွဲ မိန့်ခွန်း ဇွန် ၁၀၊ ၂၀၁၂ |
Latest Post
Suu 67 – အမေ့စကား အမေ့တရား
Suu 67 – အမေ့စကား အမေ့တရား
ကျွန်မတို့ အင်းစိန်မြို့နယ် ရုံးဖွင့်ပွဲကို လာရောက်အားပေးတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဒီလိုအဖွဲ့ချုပ်ရဲ့ ရုံးကို နိုင်ငံတစ်ဝန်းမှာ ဖွင့်နိုင်တာဟာ ကျွန်မတို့အတွက် အင်မတန်မှ အားတက်တယ်။ အားတက်တယ် ဆိုတာက ကျွန်မတို့ ရုံးတွေ ဖွင့်နိုင်လို့ မဟုတ်ပါဘူး။ ကျွန်မတို့ ဘယ်ပဲသွားသွား ပြည်သူတွေကနေပြီးတော့ အင်တိုက်အားတိုက် ကြိုဆိုကြလို့ ဖြစ်ပါတယ်။ ကျွန်မတစ်ခု သတိထားမိတာက အထူးသဖြင့် လူငယ်တွေ အင်မတန် များပါတယ်။ ကလေးတွေလည်း သိပ်ပြီးတော့ များပါတယ်။ ကျွန်မတို့က လူငယ်တွေကို ကြည့်လို့ရှိရင် ဝမ်းသာတယ်ဆိုလို့ရှိရင် လူကြီးတွေကို တန်ဖိုးမထားလို့ မဟုတ်ပါဘူး။ လူကြီးတွေကိုလည်း အင်မတန်မ တန်ဖိုးထားပါတယ်။ လူငယ်တွေရှိမှလည်း ကျွန်မတို့ရဲ့လုပ်ငန်းတွေမှာ ဆက်ပြီးတော့ အနာဂတ်မှာ လုပ်သွားနိုင်မှာပါ။ ဒါကြောင့် ကျွန်မတို့ဟာ ပစ္စုပ္ပန်အတွက်ပဲ စဉ်းစားလို့မရပါဘူး။ အနာဂတ်အတွက်ပါ စဉ်းစားရမယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ လူငယ်တွေကို အားကိုးတာဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ကျေးဇူးတင်ရုံနဲ့ မရဘူး။ အလုပ်လုပ်ရမယ်။ အားကိုးပါတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ပြောရုံနဲ့ မဖြစ်သေးဘူးလေ အားကိုးလောက်အောင်တော့ အလုပ်လုပ်ရမှာပေါ့။
ကျွန်မတို့ နိုင်ငံမှာဆိုလို့ရှိရင် ဖွံ့ဖြိုးရေး အထောက်အကူတွေရမယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မယ်ဆိုပြီးတော့ အဲဒီလို ပြောနေတဲ့အသံတွေ ကြားရမှာပဲ။ ဒီတော့ ကျွန်မက စဉ်းစားတယ်။ ကျွန်မတို့ ပြည်သူတွေကနေပြီးတော့ အင်တိုက်အားတိုက် ဝင်မပါလို့ရှိရင် အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကို အားကိုးစေချင်တယ်ဆိုတာ အဲဒါကိုပြောတာ။ ဘယ်နိုင်ငံကိုပဲကြည့်ကြည့် တကယ်ဖွဲ့ဖြိုးတဲ့ နိုင်ငံတွေကို ကြည့်လို့ရှိရင် ပြည်သူတွေဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမယ်ဆိုတာ အဲဒါကျွန်မတို့ မေ့ထားလို့မရဘူး။
သတိပေးချင်
ဖွံ့ဖြိုးမှုဆိုတာ အစိုးရ လုပ်ပေးလို့ ဖြစ်တဲ့ဟာ မဟုတ်ဘူး။ တကယ်တော့က လုပ်မှ၊ ဝင်ပါမှ ဖြစ်တာဆိုတာကိုတော့ သတိပေးချင်ပါတယ်။ နောက်ပြီးတော့ ဖွံ့ဖြိုးရေးဆိုတာ အချို့က စီးပွားရေးနဲ့ ဆိုင်တယ်လို့လည်း ထင်နေကြတယ်။ အဲဒီဟာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးဆိုတာ စီးပွားရေးတစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး။ ကျွန်မထပ်တလဲလဲ ပြောနေတဲ့ကိစ္စပေါ့နော်။ စီးပွားရေး ဖွဲ့ဖြိုးချင်တယ်။ ဒီနိုင်ငံမှာ တကယ်ကို အားကိုးရမယ့် လုပ်ငန်းများ ကုမ္မဏီများက လာပြီးတော့ ရင်းနှီးမြှပ်နှံစေချင်တယ်ဆိုရင် အဓိကလိုအပ်ချက် တစ်ခုက ဥပဒေစိုးမိုးရေးပဲလို့ ကျွန်မတို့ ခဏခဏပြောတယ်။ ဒါကြောင့်မို့လို့ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံရေးအရ ဖွံ့ဖြိုးဖို့လိုတယ်။ နိုင်ငံရေးအရ ဖွံ့ဖြိုးမှ စီးပွားရေးအရ ဖွံ့ဖြိုးမယ်။ စီးပွားရေးအရ ဖွံ့ဖြိုးမှ နိုင်ငံရေးအရ ဖွံ့ဖြိုးတဲ့ လုပ်ငန်းတွေကို ဆက်ပြီးတော့ ဆောင်ရွက်သွားလို့ ရမယ်။
နိုင်ငံတစ်နိုင်ငံမှာ ပြည်သူက အင်မတန်မှ ဆင်းရဲမွဲတေနေလို့ရှိရင် နိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာ ထူထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ ဖွံ့ဖြိုးဖို့ဆိုရင် စီးပွားရေးအတွက် အရင်လုပ်ရမယ်။ နိုင်ငံရေးအတွက် လုပ်ရမယ်။ ဖွံ့ဖြိုးရေးအတွက် လုပ်ရတယ်ဆိုတော့ အင်မတန်မှ ပင်ပန်းတယ်။ အင်မတန်မှ ကြိုးစားရမယ်။ အဲဒီတော့ အဲဒီလို ပင်ပင်ပန်းပန်းလုပ်နိုင်တဲ့ လူတွေကတော့ လူငယ်တွေပဲ။ အားရှိတယ်မို့လား လူငယ်တွေက။ အခြေခံအားဖြင့် ကျွန်မတို့ရဲ့ လူငယ်တွေဟာ ကိုယ့်ရဲ့အသက်မွေး ဝမ်းကျောင်းအတွက် ကိုယ်အလုပ်ရှာနိုင်မဲ့ ပညာမျိုးရဖို့ လိုနေတယ်။
ယုံကြည်မှု
အခြေခံပညာရေးလို့ ဆိုပါတယ်။ အဲဒီလို အခြေခံပညာရေး မရှိဘဲနဲ့ ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ လူတိုင်းအတွက် လူငယ်တွေမှာ ကျောင်းပြီးသွားလို့ရှိရင် အလုပ်ရနိုင်မယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမယ်။ ဒါမှ ကိုယ့်သိက္ခာကို ကိုယ်ထိန်းနိုင်မယ်။ ကိုယ့်အပေါ်မှာ ကိုယ်ယုံကြည်မှုရှိမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူဟာ တခြားသူတွေရဲ့ ယုံကြည်မှုရှိအောင်လည်း နေတတ်မှာ မဟုတ်ဘူး။
အလုပ်လက်မဲ့ ပြဿနာ
ဒါကြောင့်မို့လို့ လူငယ်များ ပညာရေးဆိုတာဟာ ဘာအတွက်လည်းဆိုတော့ ဘဝမှာရပ်တည်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဘဝမှာ ရပ်တည်နိုင်ဖို့ဆိုတာ ဘာလို့လဲဆိုတော့ ဆင်ခြင်သုံးသပ်တဲ့နေရာမှာ မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်ဖို့လိုတယ်။ နောက်ပြီးတော့လည်း ကိုယ့်ရဲ့သိက္ခာကို ထိန်းသိမ်းနိုင်မဲ့ အလုပ်မျိုးလိုတယ်။ ဘယ်လိုပဲပြောပြော ပိုက်ဆံမရှိဘဲနဲ့တော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ထမင်းစားရမှာကိုး။ အဲဒီတော့ ဘယ်သူကမှ လာကျွေးမှာ မဟုတ်ဘူး။ အလုပ်လက်မဲ့ပြဿနာဟာ ကျွန်မတို့နိုင်ငံရဲ့ အဓိက ပြဿနာဖြစ်တယ်လို့ ကျွန်မ အမြဲပဲ ပြောလေ့ရှိပါတယ်။ အဲဒါ ဟုတ်ရဲ့လား (ဟုတ်ပါတယ်) ။ ကျွန်မတို့ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းဖို့ မလွယ်ပါဘူး။ အခုဆိုလို့ရှိရင် ကျွန်မက မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမှာ ကျွန်မဆင်းပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေ စတာတွေပေါ့နော်။ အဲဒီလို ဥပမာဆိုရင် ရေနဲ့ပတ်သက်လို့ ရေတွင်းတူးတာတို့၊ ရေကန်လှယ်တာတို့ အဲဒါတွေက လွယ်တယ်။ တကယ်လို့ရှိရင် လုပ်ပေးချင်တဲ့ ဆန္ဒရှိရင် ဒီလောက်ခက်တာ မဟုတ်ဘူး။ မီးရဖို့ လုပ်ပေးတာတို့ ကူညီတာတို့၊ လမ်းတွေပြင်ပေးတာတို့ ဒါတွေဟာလည်း ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်ဖန်တီးရေးကတော့ အင်မတန်ခက်တယ်ဆိုတာ ကျွန်မရိုးရိုးသားသား ဝန်ခံပါရစေ။ အလုပ်ဖန်တီးရေးဆိုတာ ဘာလို့လဲဆိုတော့ အလုပ် လုပ်နိုင်တဲ့ အရည်အချင်းတွေလိုတယ်။ နောက်တော့ အရည်အချင်းရှိပြီးတော့ အလုပ်လည်းရှိရမယ်။ ဥပမာဆိုရင် ကျွန်မတို့ ပြောနေကျပေါ့။ ဘွဲ့ရပြီတော့ အလုပ်လက်မဲ့ ဖြစ်နေတယ်ဆိုတာ၊ အလုပ်လက်မဲ့ ဘွဲ့ရဆိုတာ ဘာလဲဆိုတော့ တက္ကသိုလ်မှာ သင်ပေးလိုက်တဲ့ ပညာကလည်း မလုံလောက်ဘူး။ အဲဒီတော့ ဒီကြားထဲမှာ ညပ်ပြီးတော့ လူငယ်တွေဟာ အလုပ်မရ ဖြစ်နေကြတာ။ အဲဒီတော့ အလုပ်လက်မဲ့နဲ့ ဘယ်လောက်ကြာကြာ နေနိုင်မလဲ ၊ နေလို့မရပါဘူး။
ပညာရေးနိမ့်ကျ
ဒါကြောင့် ကျွန်မတို့ဟာ အဓိက ကြိုးစားရမဲ့ ကိစ္စတစ်ခုက ဒီနိုင်ငံမှာ အလုပ်လက်မဲ့ ကျဆင်းရေးပဲ။ ပပျောက်ရေးလို့ ကျွန်မ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နိုင်ငံမှာမဆို အလုပ်လက်မဲ့ကတော့ ရှိမှာပဲ။ ဘယ်လောက်များများရှိသလဲဆိုတာ အဓိက မေးခွန်းပဲ။ နောက်ပြီးတော့ အလုပ်လက်မဲ့ ဘာဖြစ်လို့ အလုပ်လက်မဲ့ ဖြစ်နေသလဲဆိုတာလည်း စဉ်းစားရလိမ့်မယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံမှာ အလုပ်လက်မဲ့ ဖြစ်နေရတဲ့ အကြောင်းအရင်းက စောစောက ကျွန်မပြောခဲ့တဲ့ အတိုင်းပဲ။ ပညာရေးဟာ အင်မတန်မ နိမ့်ကျတဲ့ အခါကျတော့ လူငယ်တွေက ကျောင်းပြီးတယ်။ တက္ကသိုလ်ပြီးတယ်။ ဘာမှလုပ်နိုင်တဲ့ အရည်အချင်းမရှိဘူး။ အဲဒါဟာ လူတွေရဲ့ အပြစ်မဟုတ်ဘူး။ စနစ်တစ်ခုလုံးရဲ့ အပြစ်ဖြစ်လို့ ကျွန်မတို့ ပညာရေးကိုလည်း ပြင်ရမယ်။ တကယ့်ကို အဓိကကျပြီးတော့ အရေးကြီးတဲ့ အလုပ်ဆိုတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
ဗဟုသုတ
ကူညီနိုင်ဖို့ လက်တွေ့ကျကျ နည်းတစ်ခုက ဘာလဲဆိုတော့ ကျွန်မတို့ရဲ့ လူငယ်တွေကို ဗဟုသုတ ရှာဖွေစေချင်တယ်။ အိမ်မှာ ဒီလိုပဲ ထိုင်မနေပါနဲ့။ ဘာမှ မလုပ်ပဲ မနေပါနဲ့။ ဗဟုသုတရှာပါ။ အိမ်မှာ မထိုင်ပဲနဲ့ လက်ဖက်ရည်ဆိုင်မှာ သွားထိုင်နေတာကလည်း မကောင်းဘူး။ ပိုဆိုးတာကတော့ အရပ်ဆိုင်ထိုင်တာပေါ့နော်။ ဒီလိုပေါ့ ရုပ်မြင်သံကြား ကြည့်တာတို့ ၊ အခွေကြည့်တာတို့ ဘာတို့ ဒါတွေကိုလည်း ကျွန်မ မကန့်ကွက်ပါဘူး။ အတိုင်းအတာတစ်ခုအထိတော့ လုပ်ပါ။ နောက် ဗဟုသုတ ရှာပါ။ ပညာရှာပါ။ ကျောင်းတွင်းက ပညာပဲ မဟုတ်ပဲနဲ့ ဘဝပေးတဲ့ ပညာတွေကိုရှာပါ။ ကျွန်မကလေ သိပ်ပြီးတော့ အားပေးချင်တာကတော့ စာဖတ်ဖို့ပဲ။ ကျွန်မက လူငယ်တွေကို ဆင့်ကဲဆင့်ကဲ စာဖတ်ပါလို့၊ မိဘတွေကိုလည်း ကျွန်မပြောတယ်။ သား၊ သမီးတွေကို ကလေးအရွယ်ကတည်းက စာဖတ်ဝါသနာပါအောင်လို့ လုပ်ပေးပါလို့။ ကျွန်မတို့ လူငယ်တွေ ဗဟုသုတ တိုးပွာမှု ၊ ဥာဏ်ရည်မြင့်မားမှ ကျွန်မတို့ နိုင်ငံကို ပြန်လည်ဖွံ့ဖြိုးအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။
ကြိုးစားကြ
ကျွန်မတို့ပဲ ကြိုးစားလို့ မရဘူး။ ကျွန်မ သတိပေးမယ်နော်။ ပြည်သူလူထုဟာ ဘယ်တော့မှ အစိုးရကိုလည်း အားမကိုးနဲ့။ ပုဂ္ဂိုလ်တစ်ယောက်တည်းကိုလဲ အားမကိုးနဲ့။ ကိုယ့်ကိုယ်ကိုသာ အားကိုးကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ တကယ်တော့ ကျွန်မတို့ (ဥပမာ) မကြာခင်က ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ခဲ့တယ်ဆိုတာ ဘယ်သူ့ကြောင့် နိုင်ခဲ့တာလည်း။ (ပြည်သူ့ကြောင့်) ပြည်သူရဲ့ မဲတွေသာ မရရင် နိုင်ခဲ့မှာ မဟုတ်ဘူး။ အဲဒီတော့ အဲဒီဟာကို သေသေချာချာမှတ်ထားပါ။ ကိုယ့်မှာ အင်အားရှိတယ်။ ငါတို့ဟာ အားငယ်စရာမလိုဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်တယ်။ ဒါပေမဲ့ ကိုယ့်ရှိတဲ့အားကို အဟောသိကံ ဖြစ်သွားအောင် မလုပ်ပါနဲ့။ သဲထဲရေသွန်သလိုမျိုး ဖြစ်သွားအောင်လို မလုပ်ပါနဲ့။ ကိုယ့်မှာရှိတဲ့ အင်အားတွေကို စနစ်တကျနဲ့ သုံးကြပါ။
ကျွန်မက စာဖတ်စေချင်တယ်ဆိုတာ စာဖတ်စေချင်တာ ရိုးရိုးလေး။ ကမ္ဘာပေါ်မှာ ကမ္ဘာကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများအကြောင်း ဖတ်လို့ရှိရင် ဘယ်သူမှ မရုန်းကန်ပဲနဲ့ အောင်မြင်မှု မရဘူးဆိုတာကို သိလာခဲ့ရတယ်။ အဲဒါ ရိုးရိုးအချက်အလက်ပဲ။ ဘယ်သူမှ မရုန်းကန်ပဲနဲ့ မကြိုးစားပဲနဲ့ အောင်မြင်မှု မရဘူး။ တကယ်လို့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့သူတွေက နောက်ဆုံးကျတော့ အင်မတန်မှ ကြိုးစားခဲ့ရတယ်။ အင်မတန်မကို ဝီရိယရှိလို့၊ ဇွဲကောင်းလို့၊ အင်မတန်မှ အပင်ပန်းခံနိုင်ခဲ့လို့ အောင်မြင်မှုဆိုတာကို တွေ့လာတယ်။ လူတိုင်းလူတိုင်းဟာ ကြိုးစားရင် ကြိုးစားသလောက် ဖြစ်နိုင်တယ်ဆိုတာကို နားလည်လာလိမ့်မယ်။ အဲဒါကို နည်းနည်း စိတ်ထဲမှာ ဒီအတွေးတွေ ဝင်နေပြီဆိုတာကို နားလည်လာလိမ့်မယ်။ အဲဒါကို နည်းနည်းစိတ်ထဲမှာ ဒီအတွေးတွေ ဝင်နေပြီဆိုလို့ရှိရင် သူ့တစ်သက်မှာ ဒီဟာ ကိုယ့်ဘဝအတွက် အထောက်အကူဖြစ်ပါတယ်။ ဥာဏ်ရည်ဆိုတာလည်း ကိုယ့်ခန္ဓာရဲ့ ကျန်းမှာရေးပဲ။ တစ်ချိန်လုံး တောက်လျှောက်စောင့်သွားမှ ကောင်းတာ။ ငယ်ငယ်က ဖြစ်သလိုနေခဲ့တဲ့သူတွေ ကျွန်မတစ်ခါ ကမ္ဘာကျော် စာရေးဆရာကြီးတစ်ယောက် ရေးတာပေါ့။ သူက ဘယ်လိုပြောလဲဆိုတော့ လူတိုင်းလူတိုင်းဟာ အသက်၄၀ လောက်ရောက်တဲ့အခါ သူနဲ့ထိုက်တန်တဲ့ ရုပ်ရည်ပေါ်လာတယ်တဲ့။ အဲဒါ ဘယ်လိုပြောတာလဲဆိုတော့ ငယ်တုန်းက ခံနိုင်ရည်ရှိတယ်။ ငယ်ဂုဏ်နဲ့ မိုက်ကန်းကန်း နေခဲ့ပေမဲ့လည်း ပုံမပေါ်ဘူး။ ဥပမာအားဖြင့် အရက်သောက်တယ်ဆိုတာ တော့ ငယ်တုန်းကတော့ ခံနိုင်တယ်ပေါ့။ ၄၀ လောက်ကျရင် နေ့ချင်းညချင်း အိုစာကျသွားတယ်။
ဥာဏ်ရည်
ကိုယ့်ကိုယ်ကို ပြုပြင်ချင်တယ်ဆိုရင် ဘယ်အချိန်မဆို နောက်မကျဘူး ဆိုတာကိုတော့ စိတ်ထဲမှာ ထားစေချင်တယ်။ ကိုယ့်နိုင်ငံကို ပြုပြင်ချင်တယ်ဆိုရင်လည်း ဘယ်အချိန်မဆို သိပ်ပြီးတော့ နောက်မကျသေးပါဘူးလို့ စိတ်ထဲမှာ ထားစေချင်တယ်။ အခုကျွန်မတို့ အင်းစိန်လာတဲ့ အခါကျတော့ လူငယ်လေးတွေ များတဲ့အခါကျတော့ ကျွန်မအားတက်လို့ ချီးမွန်းပြီးပြောပေမဲ့လည်း လူလက်ပိုင်း ၊ လူကြီးပိုင်းကိုလည်း ပြောပါရစေ။ ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးဖို့ လုပ်ပေးဖို့သိပ်ပြီးတော့ သိပ်ပြီးတော့ နောက်မကျသေးဘူးလို့ ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ နောက်မကျသေးပါဘူးလို့ ကျွန်မပြောချင်ပါတယ်။ မပြောရင် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းက စိတ်ကောက်နေဦးမယ်။ ဒါတော့ အမှန်ပါပဲ။ ဘယ်တော့မှနောက်မကျသေးဘူး။ ကျွန်မတို့နိုင်ငံမှာ ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကမ္ဘာနောက်မှာ ပြတ်ကျန်ခဲ့လို့ ကျွန်မတို့ အားငယ်စရာမလိုဘူး။ ကျွန်မ အမြဲပဲ ပြောတယ်။ အားလုံးနောက်မှာရှိတဲ့ဟာက တစ်ခုတော့ကောင်းတယ်။ သူများတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူမယ်။ ကျွန်မတို့ တခြားလူတွေရဲ့ အဖြစ်အပျက်တွေကိုကြည့်ပြီးတော့ ကျွန်မတို့ပြည့်သူတွေက ဒီလိုစိတ်ဓါတ်နဲ့ ခိုင်ခိုင်မာမာနဲ့ ကိုယ်တစ်ဦးချင်းတစ်ဦးချင်း ဖွံ့ဖြိုးရေးအတွက် ကိုယ့်နိုင်ငံဖွဲ့ဖြိုးရေးအတွက် ဝိုင်းဝန်းပြီးတော့ လုပ်ကြမယ်လို့ သန္ဒိဋ္ဌာန်ချကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
အမေစု (၆၇)နှစ်ပြည့်မွေးနေ့အမှတ်တရ အဖြစ် ရွှေခြင်္သေလူမှုစောင့်ရှောက်ရေးအဖွဲ၏ မျှဝေမှုကို ပြန်လည်တင်ဆက်ပါသည်။
ကာလာမသုတ္တန်လာ ပညာသင်ကြားရေးကို ငေးကြည့်ခြင်း
မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ်နဲ့အတူ ပညာရေးစနစ် ပြုပြင်ပြောင်းလဲလာတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အဓိကဗဟိုချက်မမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ပညာသင်ကြားရေးကလည်း ဘယ်လိုခရီးဆက်မလဲ ဆိုတာ သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တချက်ဖြစ်လာပါတယ်။ လက်ရှိရှိနေတဲ့ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ပညာသင်ကြားရေးစနစ်က ခေတ်စနစ်နဲ့ လိုက်လျောညီထွေရှိရဲ့လားဆိုတဲ့ မေးခွန်းပေါ်ပေါက်လာပါတယ်။
လက်ရှိ ခေါက်ရိုးကျိုးနေတဲ့ မြန်မာ့ပညာရေးစနစ်ကို ပြောင်းလဲဖို့လိုအပ်သလို ဗုဒ္ဓဘာသာပညာသင်ကြားရေး စနစ်ကိုလည်း ဗုဒ္ဓရဲ့ဆိုဆုံးမမှုတွေနဲ့အညီ ပြောင်းလဲသင့်တဲ့ ကိစ္စတခုဖြစ်လာပါတယ်။ ဗုဒ္ဓရဲ့လမ်းစဉ်က တွေးတောဆင်ခြင်မှု အင်မတန်မှ လွတ်လပ်တဲ့ ဘာသာတရားဖြစ်တယ်ဆိုတာ ကာလမသုတ်ကို ဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကာလမသုတ်က ဒီလို ပြောထားပါတယ်။
ကာလာမမင်းတို့ “သင်တို့သည်ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“အစဉ်အဆက် စကားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူနဲ့”
“ပိဋကတ် မိမိတို့ရှေးဟောင်းကျမ်းဂန် စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“ ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“နည်းမှီးယူခြင်းမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူနဲ့”
“ငါတို့ ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့”
“ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း ဟုတ်ပြီ မှန်ပြီဟု အတည် မယူနဲ့” လို့ဟောခဲ့တာကို ကြည့်ရင် ဗုဒ္ဓဟာ လွတ်လပ်စွာ စဉ်းစားတွေးခေါ်တဲ့ (Freedom of Expression) ကိုနှစ်သက်ခဲ့တာကို တွေ့ရပါတယ်။
ဗုဒ္ဓဘာသာ ထွန်းလင်းတောက်ပနေတယ်လို့ ဟစ်ကြွေးနေတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ပညာသင်ကြားရေးစနစ်က ဗုဒ္ဓဟောခဲ့တဲ့ လမ်းစဉ်အတိုင်းလား၊ လက်ရှိ ရဟန်းပညာရှိ (သို့မဟုတ်)။ အာဏာပိုင်တွေက အုပ်ချုပ်ရေးအာဏာကို ထိပါးလာမှာကြောက်တဲ့အတွက် လွဲမှားတဲ့ သင်ကြားရေးစနစ်ကို ကျင့်သုံးနေသလားဆိုတာ ဆန်းစစ်ရပါမယ်။
အခုလက်ရှိ ကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာ ပညာရေးသင်ကြားရေးစနစ်ကျတော့ ကာလမ သုတ္တံနဲ့ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ လွတ်လပ်စွာတွေးတော ဆင်ခြင်ခြင်းကို မျက်ကွယ်ပြုပြီး အာဂုံဆောင်တဲ့ ပညာရေးစနစ်ကို ကျင့်သုံးနေတယ်။ တနည်းပြောရရင် အာဏာရှင်ဆန်တဲ့ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မဟာချူလာလောင်ကောင် တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ရဟန်းတော် ဦးရေ၀တကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်က ဗုဒ္ဓ၀ါဒလာ ကာလမ သုတ္တံနဲ့ မညီဘူးလို့ ပြောပါတယ်။
“ဦးဇင်းတို့သင်ကြားခဲ့တဲ့ ဗုဒ္ဓဘာသာ ပညာရေးစနစ်မှာ အာဂုံဆောင်တာကိုပဲ အားပေးတယ်၊ အာဂုံရမှ အာဂလူ ဆိုတဲ့ ဆိုးရိုးစကားကို ဆရာသမားတွေကလည်းလက်ခံကြတယ်၊ အားပေးကြတယ်။ စီစစ်ဝေဖန်မှု၊ ထီထွင်ကြံဆ မှုကိုအားမပေးကြဘူး။ အထူးသဖြင့် ဝေဖန်ကြံဆတာကိုလက်မခံကြဘူး။ ဒီလိုဖြစ်နေတာဟာ ရှေးရိုးစွဲဆရာတော်ကြီးအချို့နဲ့ အစိုးရရဲ့ အုပ်ချုပ်မှုကြောင့်လို့ ထင်ပါတယ်” ဟုပြောဆိုခဲ့ပါတယ်။
ခေတ်ဟောင်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်မှာ ဒီနေ့ခေတ် ပြောနေတဲ့ Critical Thinking, Student Centered နည်းစနစ်သုံးခဲ့တာကို တရုတ်ရဟန်းတော် တပါးဖြစ်တဲ့ ယိချင်ရဲ့ Record of the Buddhist Religion (Chapter XXXIV) မှတ်တမ်းမှာ တွေ့နိုင်ပါတယ်။ ဒီနေ့ခေတ် ဟားဗတ်တက္ကသိုလ်လို နာမည်ကျော်ခဲ့တဲ့ အိန္ဒိယနိုင်ငံက နာလန်ဒတက္ကသိုလ် ပညာသင်ကြားရေး စနစ်ကို အခုလို မှတ်တမ်းတင်ခဲ့ပါတယ်။
“နာလန္ဒာတက္ကသိုလ်မှာ ဆင်ခြေလျှောက်လဲခြင်းပညာရပ်သည် အလွန်ကျော်ကြားပြီး စာသင်သားများ အနေနှင့် ဆင်ခြေလျှောက်လဲခြင်းကို လေ့ကျင့်ကြခြင်းအားဖြင့် နေ့တာတိုသည်ဟူ၍ ထင်ရကြောင်း လွတ်လပ်စွာ ဆင်ခြေတက် အဆိုအခြေများဖြင့် ငြင်းခုံကာ ပညာဆည်းပူး လေ့လာကြရကြောင်း ရေးသားထားပါတယ်” ဒါက အေဒီ (၇) ရာစုလောက်က ဗုဒ္ဓဘာသာ ပညာသင်ကြားရေးစနစ်ကိုမှတ်တမ်း တင်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လိုအပ်လာပါတယ်။ ဒီလိုပြုပြင်နိုင်မှ ဗုဒ္ဓဘာသာပညာရှင်တွေဟာ ကမ္ဘာမှာပွဲလယ်တင့်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ ရဟန်းတော်တွေရဲ့ အခန်းကဏ္ဍက မသေးဘူးဆိုတာကို မျက်ဝါးထင်ထင်တွေ့ မြင်နေရပါတယ်။
ဒါကြောင့် လောကီကျောင်းတွေ အပြင် ဗုဒ္ဓဘာသာ ပညာသင်ကျောင်တွေမှာသင်ကြားတဲ့ (အဘိဓမ္မာ၊ သုတ္တံ၊ ၀ိနည်း) တွေကို ရှုထောင့်အမျိုးမျိုးကနေ ချဉ်းကပ်သင်ကြားတဲ့ နည်းစနစ်တွေကိုသုံးပြီး နိုင်ငံ့ရဲ့ပြောင်းလဲမှု တွေနဲ့အတူ ပြောင်းလဲသင့်တယ်လို့ ယူဆမိပါတယ်။
ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓ၀ါဒ အပေါ်ချဉ်းကပ် သင်ကြားမှုက ခေတ်ရှေ့ကိုပြေးနေတာကို တွေ့ရပါတယ်။ ထိုင်းလူမျိုး ရဟန်းတော်တွေ ဖြစ်တဲ့ Santikalo Bikkhu, Phra Suthiwornyarn, Iam Tongdee တို့ဟာ ခေတ်ဟောင်းဗုဒ္ဓစာပေ သင်ကြားရေးကနေ ခွဲထွက်ပြီး ဗုဒ္ဒဘာသာနဲ့ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ဆက်နွယ်နေမှုကို လူမှုရေးသိပ္ပံရှုဒေါင့် ကနေ ဝေဖန်ရေးသားလာတာကို တွေ့ရပါတယ်။ အထက်ပါ ရဟန်းတွေ ရေးတဲ့ Buddhist Ideology on Civil Society, Buddhism and Civil Society လိုကျမ်းတွေက ဘာသာရေးနဲ့ လူမှုရေး၊ နိုင်ငံရေး ပတ်သက်နေမှုကို စနစ်တကျ ရှာဖွေလာကြတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ သင်ကြားမှုကပေးလိုက်တဲ့ ရလဒ်ကောင်းတွေလို့ ပြောလို့ရပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့လူဘောင်မှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍကို ချန်ထားလို့မရနိုင်ကြောင်းတွေ့ရပါတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေကို ရဟန်းတော်တွေက ဦးဆောင် ဦးရွက်ပြုနေကြတာဟာ အင်မတန်မှ အားရဖွယ် ကောင်းလှပါတယ်။
ဒါပေမယ့် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍကို မြှင့်တင်မယ် ဆိုရင် Civil Society တွေကနေ “ နိုင်ငံသား အသိစိတ်ဓါတ်တွေ” “ ဂိုဏ်းဂဏမစွဲဘဲ အစုအဖွဲ့၊ အသင်းအပင်းနဲ့ လုပ်ဆောင်တတ်တဲ့ဓလေ့” “ ချိတ်ဆက် ဆောင်ရွက်မှုတွေ” အလျားလိုက် တပြေးညီ ဆက်ဆံမှုမျိုးကို အားပေးတဲ့နည်းတွေက ဗုဒ္ဓဘာသာ အပေါ်မှာ လူ့အဖွဲ့အစည်း၊ နိုင်ငံတော်နဲ့ ဆက်ဆံတဲ့ နည်းလမ်းတွေကိုပါ ပြောင်းလဲပေးစေ နိုင်ပါတယ်။
ရှေးရိုးစွဲ မင်းဆရာဆိုတဲ့ အသုံးအနှုန်းကို လက်နက်သဖွယ် သုံးပြီး အုပ်ချုပ်သူတွေနဲ့ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ချယ်လှယ်မှု လမ်းကနေ ဗုဒ္ဓဘာသာ ပညာသင်ကြားရေး စနစ်ကိုလမ်းကြောင်းပြောင်းသင့်ပြီး ဗုဒ္ဓရဲ့ ကာလမသုတ်နဲအညီ ဆောင်ရွက်သင့်ပါကြောင်း ယူဆမိပါတယ်။
http://www.maukkha.org/
အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ
မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ် ဘတ်ဖလိုမြို့တွင် နေထိုင်သည့် ကရင်လူငယ် ၃ဦး အမေရိကန်အစိုးရမှ ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ခုနှစ်အတွက် ပညာတော်သင်ဆု(Scholastic Achievement Recognition)ကို လက်ခံရရှိခဲ့သည်။Lafayette High School အထက်တန်းကျောင်းတွင် ဘာသာစုံ၌ အမှတ်အများဆုံး ရရှိခဲ့သူ နော်မိုရင်းဒါသွယ်က “မျှော်လင့်မထားဘဲ အခုလို ပညာသင်ဆုရတော့ ၀မ်းသာတယ်။ သူများနိုင်ငံသားတွေကြားမှာမို့ ဂုဏ်လည်းယူတယ်။ တချိန်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည်အတွက် ပြန်လုပ်ကိုင်ပေးမယ်လို့ စိတ်ကူးရှိပါတယ်”ဟု ပြောသည်။
သူမအနေဖြင့် Business and Accounting ဘာသာရပ်ဖြင့် Houghton College ကျောင်းတွင် ပညာဆက်လက်သင်ကြားရန် ရည်ရွယ် ထားသည်ဟုလည်း ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကရင်လူငယ်သုံးဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများမှ တတိယနိုင်ငံ အစီအစဉ်ဖြင့် ၂၀၀၈ခု နှစ်က အမေရိကန်နိုင်ငံသို့ ရောက်ရှိလာကြသူများ ဖြစ်သည်။
ကျောင်းစာအပြင် အားကစားပါ ထူးချွန်သူ စောဝင်းကိုဟန်က “ကျနော်အခုလို ပညာသင်ဆုရတာ ၀မ်းသာတယ်။ မြန်မာပြည်မှာ စာမကြိုး စားခဲ့ပေမဲ့ ယူအက်စ်ရောက်တော့ မကြိုးစားရင် အနှိမ်ခံရတယ်။ အပြိုင်အဆိုင်တွေလည်း ရှိလာတော့ ကြိုးစားရင်း အခုလို အစိုးရက ထောက်ပံ့ဆုကို ရရှိတာပါပဲ။ ကျနော်က Fashion designer and business ကို အဓိကထားပြီး Billamariar college မှာ ဆက်တက် သွားမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
Errie Community College-ECC တက်ရန် ရည်ရွယ်ထားသည့် နော်အဲ့စေးထူးက “ကျမရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဆရာဆရာမတွေ စကားကို နားထောင်တဲ့အပေါ် ဒီပညာသင်ဆုကို ရတာပါ။ Business လိုင်းကို ကျမ ဆက်တက်မယ်။ အခု ဘတ်ဖလိုကိုရောက်နေတဲ့ ကရင်လူမှုအသိုင်းအ၀ိုင်းအတွက် စီးပွားရေးလုပ်ငန်းထူထောင်ချင်လို့ပါ”ဟု ပြောဆိုသည်။
ဘတ်ဖလိုမြို့ Buffalo Niagara Marriott in Amherst တွင် ယခုနှစ်အတွက် ပေးအပ်သည့် ၃၂ကြိမ်မြောက် အဆိုပါပညာသင်ဆုတံဆိပ် နှင့်အတူ ကောလိပ်ကျောင်းဆက်တက်ရန် လေးနှစ်စာ ပညာသင်စရိတ် ဒေါ်လာ ၈သောင်းကို အမေရိကန်အစိုးရမှ ဆုရရှိသူ ကျောင်းသူ ကျောင်းသားများအား မေလ ၁၇ရက်နေ့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံသား ၆၀၀၀ကျော်ရှိသည့် အမေရိကန်နိုင်ငံ၊ ဘတ်ဖလိုမြို့တွင် ယခုနှစ်အတွက် ၎င်းကရင်လူငယ် ၃ဦးအပြင် ချင်းလူငယ်တစ် ဦး စုစုပေါင်း မြန်မာလူငယ် ၄ဦး ပညာတော်သင်ဆု လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
ပြည်တော်ပြန်ရောဂါဖြစ်စေတဲ့ "ဗိုင်းရပ်စ်"

တစ်နှစ်ကျော်ကာလ အတွင်းမှာ ကူးစက်နေတာ သတိမထားမိခဲ့ပေမယ့် အခုတလောကျမှ ပိုသတိထားမိ လာတယ်။ ဒီ ဗိုင်းရပ်စ် ကတော့ ပြည်တော်ပြန် ရောဂါ ဖြစ်စေတဲ့ ပိုးတမျိုးပါ။
နိုင်ငံရေး ၀မ်းစာနည်းသူ၊ ပုံဖျက်ခံထားရတဲ့ သတင်းအချက်အလက်တွေ၊ မီးကျိုးမောင်းပျက် အတွေးအခေါ်တွေ နဲ့ ပြည်ပလှုပ်ရှားမှုတွေအပေါ် နိုင်ငံတကာ အလှူရှင်တွေရဲ့ စိတ်ဝင်စားမှုနည်းလာလို့ အထောက်အပံ့တွေ ပါးလာတော့ ရပ်တည်ရေးခက်လာတာတွေဟာ ဒီ ဗိုင်းရပ်စ် ပိုးကူးစက်လွယ်ဖို့ အကြောင်းဖန်လာတာပါဘဲ။
တိုင်းပြည်တွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေဖြစ်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲရောက်နေပြီ
၊ ကိုမင်းကိုနိုင်နဲ့ ၈၈ ကျောင်းသားတွေလည်း ထောင်တွေက ပြန်လွတ်လာပြီး အခုဆို နယ်တွေပါ ခရီးထွက်လို့ ရနေပြီ စသဖြင့် ဒါတွေကို အစစ်အမှန်ပြောင်းလဲမှုလို့ ယူဆပြောဆိုနေကြပြီး ရောဂါကူးစက်ခံနေကြရတာပါ။
ပြည်တော်မပြန်ရင်ပဲ ခေတ်မမီသလို။ တချို့ကလည်း ငါလည်း အမီ ပြည်တော်ပြန်မှဘဲတဲ့။ အနည်းဆုံးတော့ အလည်ဖြစ်ဖြစ်သွားကြတာပေါ့တဲ့။ ကဲ မှတ်ကရော။
ကာယကံရှင် နိုင်ငံရေး ဦးဆောင်နေကြသူတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကိုမင်းကိုနိုင်အစရှိတဲ့ သူတွေကိုယ်တိုင်က အလွန်ကြီးမားတဲ့ စွန့်လွှတ်စွန့်စားမှုတွေကို လုပ်နေရတာဆိုတာကို မမြင်နိုင်ကြဘဲဖြစ်နေ တာ ပြည်ပ အတိုက်အခံတချို့နဲ့ တချို့သော နိုင်ငံတကာ မိသားစု အသိုင်းအ၀န်းပဲဖြစ်ပါတယ်။
ရပ်နို်င်ပေ ရပ်နိုင်ပေ အော်ရင်း ညာသံပေးလို့ ငါတို့လည်း ဒီအပြောင်းအလဲအတွက် ပြည့်အင်အား ပြည်တွင်းမှာ ရှိဆိုသလို အမြန်ဆုံး ပြည်တော်ပြန်ဝင်ပြီး တနေရာတော့ ခုံဦးထားအုံးမှ ဆိုတဲ့အတွေးတွေက ပြည်တော်ပြန် ယာဉ်၊ ရထားတွေက တဆင့် ပြန်အံထွက်လာနေပါတယ်။
အခုတော့ တဖွဲဖွဲနဲ့ လူသိရှင်ကြားရော၊ လူမသိ၊ သူမသိနဲ့ပါ ပြည်တော်ပြန်နေလိုက်ကြတာ တိုင်းပြည် အတွက် ပြန်လည် ထူထောင်ရေးမှာ ဘယ်ထောင့်၊ ဘယ်နေရာကနေ ဘယ်လိုတာဝန်ကျေကျေလုပ်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြန်ကြတာ အလွန်အနည်းစုဖြစ်ပါလိမ့်မယ်။
ဒီလိုပြန်ကြတဲ့ ပြည်ပရောက်၊ နယ်စပ်ရောက်သူတွေဆိုတာကလည်း ဒီမိုကရေစီလိုလားလို့ မိမိတို့ရဲ့ ဘ၀တွေကို အတိုင်းအတာ တခုထိ ပေးဆပ်ခဲ့ကြရ၊ ပေးဆပ်နေကြရသူတွေလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဒီမိုကရေစီ လိုလားကြပါတယ်ဆိုတဲ့ အတိုက်အခံဆိုသူတွေဟာ ကိုယ်ခံအားကျဆင်းဖို့အတွက် အဓိက အကြောင်းကြီးတရပ်ကို ရင်ဆိုင်ခဲ့ကြရတယ်။
ဒါက တဦးချင်းစီ၊ တယောက်ချင်းစီရဲ့ စွန့်လွှတ်အနစ်နာခံမှုအပါအ၀င် သူတို့တွေမှာ ရှိနေတဲ့ တန်ဘိုးတွေကို တဦးနဲ့ တဦး အသိအမှတ်မပြုတဲ့ ပြဿနာပါဘဲ။
ဒီကောင်က ဘာမို့လို့လဲ၊ ဒီကောင်က ဘာစွမ်းဆောင်ခဲ့လို့လဲ၊ ငါကမှ ဘယ်လို ဘယ်ဝါ ပေးဆပ်ခဲ့ရတာ၊ ဒီလိုကောင်မျိုးနဲ့တော့ တွဲမလုပ်နိုင်ပါဘူးဗျာ အစရှိတဲ့ တန်ဘိုးတွေကို အသိအမှတ် မပြုပဲ ကိုယ့်အချင်းချင်း နင်းချ ကြရင်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် လေသံကောင်းလွှင့်နေကြတာ အဓိက အကြောင်းတရားပါဘဲ။
အာဏာရှင် မျက်နှာဖုံး ခွာချပြထားတဲ့ သူတွေရဲ့ စနစ်တကျ ပြင်ဆင်ထား တဲ့ နိုင်ငံရေး ကစားကွက်ထဲမှာ အတိုက်အခံဆိုသူတွေဟာ အခုထိ အဆင်သင့်မဖြစ်ကြသေးဘဲ အချင်းချင်း ရန်ဖြစ်ကောင်းနေသေးတယ်။
အခုတော့ ပိုဆိုးတာက အထက်က ပြောတဲ့ ပြည်တော်ပြန် ဗိုင်းရပ်စ်ပိုး တွေ ကူးစက်ပျံ့နှံ့ လာပြီး မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲအတွက် ပိုပြီး ရှုပ်ထွေးမှုတွေဖြစ်လာတော့မှာ မြင်ယောင်နေမိပါတယ်။
အတိုက်အခံအများစုဟာ အခုထိ အတိုက်အခံ စိတ်ပဲ ရှိနေသေးပြီး အာဏာရ ပါတီ၊ အဖွဲ့အစည်းတခုရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မပိုင်ဆိုင်သေးတာလည်း သတိထားမိပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု မြင့်မားချင်းဆိုင်ရာ အတွေးအခေါ်၊ အလေ့အကျင့် အလွန်နုနယ်နေသေးပြီး ငါနဲ့ မတူ ငါ့ရန်သူလို့ ထင်မှတ်မှားနေကြဆဲဖြစ်နေတာနဲ့ ကိုယ်အချင်းချင်း နင်းရတာကိုပဲ ဂုဏ်ယူတတ်ကြ တာဟာ အလွန်စိတ်မကောင်းစရာဖြစ်ရပ်တွေပါ။
ပြဿနာ တခုကို ချဉ်းကပ်ရင် လူမိုက်တွေလိုပဲ မင်းကြောင့် ၊ သူ့ကြောင့်ဆိုတာနဲ့ အပြစ်ကို တဖက်သားကို ပုံချပြီး ဖြေရှင်းဖို့ ကြိုးစားကြတယ်။ ဒါက အာဏာရှင်တွေ တသက်လုံး လုပ်တဲ့ ပုံစံနဲ့ အတိုက်အခံတွေလုပ်တဲ့ ပုံစံ တူနေတာပါဘဲ။
တချို့ လိမ္မာတဲ့ အတိုက်အခံတွေကလည်း ပြဿနာ တခုကို ချဉ်းကပ်တာက ငါ့ကြောင့်သာဖြစ်တယ်ဆိုပြီး ကိုယ့်ကိုယ် ကိုယ် အပြစ်တင်ပြီး ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားကြတယ်။ ဒါကတော့ အာဏာရှင်တွေထဲက ပြုပြင်ပြောင်းလဲရေး လိုလားသူတချို့ လုပ်ခဲ့တဲ့ ပုံစံမျိုးဖြစ်နေတာပါ။
တကယ့် ပကတိတရားအတိုင်း အရှိကို အရှိအတိုင်း သိမြင်ပြီး သူတပါးကိုရော၊ မိမိကိုယ်တိုင်အပေါ်မှာပါ အပြစ်တင် ပုံချမှု မရှိတဲ့ ချဉ်းကပ်အဖြေရှာတာကတော့ အလွန်တွေ့ရခဲပါတယ်။ ဒါကိုတော့ အတိုက်အခံ ဘက်ကရော၊ အာဏာရှင်တွေဘက်ဆိုတဲ့ ၂ ဖက် လုံးမှာ ဒီလို အလေ့အကျင့် မရှိသလောက်ဖြစ်တာဟာ အားနည်းချက်ပါဘဲ။
ဒါတွေ ဒါတွေကြောင့် ဗိုင်းရပ်စ် ပိုးကူးစက်ခံရပြီး ပြည်တော်ပြန်ရောဂါတွေ စွဲကပ်လာကြတာပါ။ဒါကို သတိရှိစေချင်လို့ ဒီစာစုကို ရေးသားတင်ပြလိုက်ပါတယ်။
By - Guiding Stars